Friday, March 15, 2013

အယုံလွယ်ခြင်း၏ နောက်ကွယ်


(၁)
ဦးရီးတော် အရည်အသွေးကင်းလို့ အကျွန်တို့ အားလုံး နန်းတွင်းက ထွက်ပြေးခဲ့ရပြီ။ လူသူလေးပါးကြား ရောထွေးနေစေရန် အကျွန်တို့ ရုပ်ဖျက်ထားသည်မှာ အောင်မြင်ဟန်ရှိ၏။ နန်းဧကရာဇ်၏ တူမတော်ကို မည်သူမျှမမှတ်မိဘဲ ရှိနေကြသည်မှာ ထူးပြီးစိတ်ချရပြန်သည်။ အကျွန်တို့ နန်းပလ္လင်ကို ရန်သူတို့ သိမ်းတော့မည့် အခြေအနေမျိုးမို့ မြို့သူ မြို့သား အားလုံးပျားပန်းခတ်မျှ ပြေးလွှားနေကြရာ အကျွန်တို့ မင်းလေးတပ်မှူးဆီသွားရန် အလို့ငှာ စိုင်းပြင်းနေသည်။ အနည်းအကျဉ်းမျှ ယူလာခဲ့ရသော နန်းတွင်းရေးရာ ပုရပိုက် နှင့် လက်ဝတ်လက်စား အနည်းငယ် တို့ကို ငယ်ကျွန် မယ်သူဇာအား သယ်စေလျှက် တက်ကြွသော ခြေလှမ်းတို့ဖြင့် သူ့ဆီ သွားရမည်။ ရှေ့ရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရန် မှာယူငင်လာသော ပစ္စည်းများက ထောက်ကူပြုအံ့ ဟု ကြံစည်ပြီးသော် အစိုးရိမ်ကင်းစွာ တောအုပ်ကိုဖြတ်သန်းလာသည်မှာ ရေချောင်းကိုပင်မြင်ရနေပြီ ဖြစ်သည်။ ခေတ္တ ရပ်တန့်ရန် အမိန့်ချပြီး ချောင်းရေအေးတွင် ကိုယ်လက်သန့်စင်ဖို့ရာ မြင်းပေါ်မှ လွှားခနဲ့ ခုန်ဆင်းလိုက်သည်။ ချောင်းရေပြင်တွင် မြင်နေရသော အကျွန်၏ ရုပ်သွင်သည် ငယ်ရွယ်နုပျိုသော မင်းသမီးတစ်ပါးနှင့် လားလားမှမတူ။ အိုဇာသွားသည်မှာ အမယ်အိုတစ်ယောက်အသွင်နှင့် တူပါချိမ့်။

********************************
(၂)
                           ဤတပ်စိတ်တွင် နေရ စံရသည်မှာ ကျဉ်းကျပ်သော်လည်း မကြာမီကမှ လတ်ဆတ်လျှက်ရှိနေသေးသော အင်းဝနေပြည်တော် ရန်သူတို့ထံ ကျဆုံးသွားပြီ ဟူသောသတင်း နားဝတွင် ခါးမျှလျှက် ရှိနေသေးသည်။ ယ္ခု ချိန်တွင် အကျွန်တို့ အရေးတော်ပုံလှုပ်ရှားရန် မဖြစ်သေးချိမ့်။ တိုင်းပြည်ရေး မငြိမ်သက်သေးသဖြင့် ရန်သူတို့ ခြေရှုပ်လျှက်ရှိနေသည်။ ရက်ရှည်လများ မျှော်မှန်းစီစဉ်လာသမျှ အမြောက်ဆန်လို ရုတ်တရက်ပေါက်ကွဲလိုက်ပါက အကျွန်တို့ တပ်စိတ်တစ်ခုလုံး အသက်အိုးစားကွဲသွားနိုင်သည်။ လျှို့ဝှက်လုပ်ကြံမည့် အစီအစဉ်အရ သဲထဲရေသွန် သကဲ့သို့ အရေးတော်ပုံကို ပစ်စက်လခတ် မလုပ်ကြရန် မှာကြားထားသည်။ အချိန် တစ်ခု။ မှန်၏။ အချိန်တစ်ခုက အကျွန်တို့ ကို အခွင့်အရေးပေးတန်ကောင်းမည့် အခွင့်အခါကို စောင့်ရမည်။ ထို့အခွင့်ကို ငံ့လင့်နေမှတစ်ပါး အခြားမရှိတော့။

အတွေးရေယာဉ်ကျော အကျွန်မျောနေစဉ် တဲနန်းအဝမှ ငယ်ကျွန်မယ်သူဇာ အသံ နားသို့ဝင်ရောက်လာပြီး အတွေးစကိုဖြတ်တောက်လိုက်၏။ 

“ သခင်မ.......မင်းလေးတပ်မှူး အခစားဝင်ရန် လျှောက်ကြောင်းပါ ဖုရား”
“ အိမ်း.....ကောင်းပြီ။ အခစားဝင်ရန် ခွင့်ပေးလိုက်ပါ မယ်သူဇာ”

ထောင်မောင်းသောကိုယ်ထည်နှင့် ချပ်ဝတ်တန်ဆာဆင်မြန်းထားကာ အမျိုးကောင်းသားပီသသော သူ့ရုပ်သွင်မှာ အကျွန်လှမ်းကြည့်တိုင်း သည်းဖျာ ရှိန်းမြသွားတတ်ပေသည်။ သို့သော်လဲ တော်ဝင်နွယ် သခင်မ တစ်ပါးက လက်အောက်ခံကျွန် တစ်ယောက်ဆီ ချစ်ကွန်းခိုခွင့်မပြုသော တော်ဝင်ပညတ်ချက်နန်းတွင်းရေးရာကို အကျွန် စောင့်ထိန်းရပေမည်။ စည်းကြီးတစ်ဘောင်ကို ဖြတ်ကျော်ရန်ခက်ပါရဲ့။

“ သခင်မ.....ဤ လဆုတ် သန်းခေါင်တွင် အရေးတော်ပုံ စတင်ရန် သတ်မှတ်ပေးတော်မူပါ။”
“အင်း...တပ်မှူး။ မောင်မင်းအား ငါအကြွင်းမဲ့ ယုံတော်မှုသည်ရှိသဖြင့် အရေးတော်ပုံ အောင်မြင်ရန်လျှို့ဝှက် အစီအစဉ်အတိုင်း စတင်ပါလေ”
“မှန်လှပါ.....။ သခင်မ မိန့်သည်အတိုင်း တပ်လှန့်နိုးကြားစေပါမည်။ အလျှင်းသင့်ပါက အရေးတော်ပုံ အထောက်အကူတပ်များ ရရှိပါက သံတော်ဦးအလျှင်တင်ပါမည် ....ဖုရား”
“အိမ်း...ကောင်းပါပြီ တပ်မှူး။ အသင်လဲ ပင်ပန်းရောပေါ့။ နားချေဦးတော့”

မိမိတပ်စိတ်တွင် စစ်သည်အင်အားမည်မျှမှမရှိ။ နှစ်ရာကျော်စစ်သည်အင်အားစုဆောင်းရသည်မှာ သည်အခြေအနေနှင့်လွယ်သည်က မဟုတ်။ သို့တစေ တပ်မှူး၏ စွမ်းဆောင်မှုကြောင့်သာ ဤနှစ်ရာကျော်မျှသော စစ်သည်ကိုရခြင်းဖြစ်ရာ အကျွန်အကြွင်းမဲ့ယုံကြည်သည်ကား မှားသည်ဟု မထင်မိ။ အရေးတော်ပုံ အောင်မြင်ပါလျှင် ထီးဆောင်း ဘုရင်မ၏ ကြင်ယာတော် အနေဖြင့် လက်ကမ်းရမည်ဆိုသော် သူ့ကိုသာကမ်းမိမည် ထင်သည်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက ဘုရားရှင်ထံ လက်စုံမိုး၍ ပထမ အရေးတော်အောင်ရန် ဆုပန်မည်။ ပြီးနောက်မှာကား ကြင်ယာတော် သူသည်သာ ဖြစ်ပါစေ ဟုတောင်းမိမည်။ အတွေးဖြင့်သာ စိတ်သဟာရွင်ပြလာသည်မှာ လပြည့်ဝန်း၏ လရောင်ကြောင့်လော ....သူ့ကြောင့်လော.....။ အသာပြုံးကာ အိပ်စက်ရန် ပြင်မိသည်။


********************************
(၃)
လမိုက် သန်းခေါင်ချိန် ။ စည်တော်နှစ်ချက်တီးကိုကြားပြီးချိန်တွင် အကျွန်မတို့ တပ်စု နန်းတော်မလွယ်ပေါက် အပြင်ဘက်သို့ စုရုံးရောက်ရှိနေကြပြီ။ အတွင်းမှ သစ္စာတော်ခံလူယုံတော် တစ်ဦးအား သည်နေ့ သည်ချိန် တွင် လျှို့ဝှက်စွာ အတွင်းသို့ ဝင်ရောက်နိုင်ရန် အချက်ပြ ခိုင်းထားသည်။
ချိုးကူသံ သဲ့သဲ့ ကြားရသဖြင့် အားလုံး တိတ်တဆိတ်ဝင်ရောက်ရန် ညွန်ကြားလိုက်ပြီး အားကိုးရာ သူ့ကိုလှမ်းကြည့်သော် သည်မောင် အရေးကြုံ ဘယ်ချုံရောက်နေပြန်ပြီမသိ။ စိတ်ပူ စိတ်တိုစွာ ရင်တထိတ်ထိတ်ဖြင့် ခေါင်းဆောင်တစ်ယောက်ပီသစွာ လှုပ်ရှားရမည်။ သင်းမပါလဲ ကိစ္စမရှိသည်သာ ဟု အားတင်းပြီး လှမ်းဝင်လိုက်သည်။ စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်၊ အားငယ်စိတ် တွေဒလဟော ရင်ဘတ်တွင်း စည်တော်တီးနေသကဲ့ တုန်လှုပ်နေသော်လဲ နှစ်ရာမျှသော ရဲဘော်စစ်သည်တို့အရှေ့ အမှူအရာယွင်းမရ။ စိုးရိမ်စိတ်ကို တံတွေးနဲ့သာ အသာမျှောချ ရဲဆေးအဖြစ် အားတင်းလိုက်ပြီး တစ်ဖက် အတွင်းဝကို လှမ်းကြည့်လိုက်သော် မီးရောင် အလင်းဖျဖျ ကိုတွေ့လိုက်ရသည်။ ဆက်လှမ်းလိုက်သည်။ တစ်ဖဝါး ညာခြေ။ တစ်လှမ်း ဘယ်ခြေ။ တစ်ဖြည်းဖြည်းရောက်လုပြီ။ အထဲကခန်းမကျယ်ကိုလှမ်းကြည့်လိုက်သည်။ မည်သူမျှမရှိ။ ဘယ်ညာ ပေါ်အောက် တောင်မြောက် ကျီးကန်းတောင်းမှောက်ကြည့်လိုက်သော်လည်း ထူးခြားမှုမတွေ့ သဖြင့် စိတ်အသာချပြီး အခန်းတွင်းသို့ အားလုံးလှမ်းဝင်လိုက်သည်။

“ဂျိမ်း”
 “ဟာ ....တံခါးပိတ်ပြီ။ ဘဇာပြုလို့ တံခါး ရုတ်တရက်ပိတ်သွားတာလဲ... အသင်တို့....သွေးရိုးသာမန်ဟုတ်ပါလေစ”
ဆူညံသံများ ပွက်လောရိုက်နေစဉ်
မီးတုတ်တွေ လင်းဖြာသွားပြီး မြေပြင်တွင်လဲသေဆုံးနေသော လူယုံကိုတွေ့လိုက်သည်။ အသေအချာ အကျွန်တို့ သစ္စာဖောက်ခံရပြီ။ ပတ်လည်ဝိုင်းနေသော ပယင်းရောင် ဓါးလှံတွေက တဝင်းဝင်း နှင့်အကျွန်တို့ အဝိုင်းခံရပြီး နောက် ဘာဆက်ဖြစ်မလဲ အားလုံးရေရာသိလိုက်သည်နောက်။

********************************************
(၄)
မြေသားလှေကားထစ်မှ အဆောင်အယောင် ပြည့်စုံစွာ ဆင်းလာသော ငမိုက်သား သစ္စာဖောက်၊ အကျွန်ဖို့ ကတော့ တိတ်တခိုးချစ်ခဲ့ရသူ ရွံ့မုန်းစွာ နာကြည်းအကြည့် ကြည့်လိုက်မိသည်။ သင်းကတော့ သရော်ပြုံး မြားအစင်းစင်း အကျွန်မ ရင်ကိုပစ်ခွင်းလိုက်တိုင်း နာကြည်းရပါ၏။ မုဆိုး ထောင်ချောက်မှာ မရုန်းထွက်နိုင်တဲ့ဒရယ် တစ်ကောင်လို မလူးသာ မလွန့်သာ၊ လှောင်အိမ်ထဲ ကကျားရဲတစ်ကောင်လို မာန်ဟိန်းပြလဲ အချည်းအနှီးဘဲ့မို့ “တောက်” သာတဖျင်းဖျင်းခေါက်နေမိတော့၏။ အကျွန်မအသက်နဲ့ ရင်း၍ သိလိုက်ရသော နောင်တ အချို့ ရင်မှာသိမ်းဆည်းပြီး အကျွန်မသည် သစ္စာဖောက်အား ကျိန်စာဆိုး တိုး၍သာ ကျိန်ရွတ်နေမိတော့သည်။ အယုံလွန်မိလိုက်ခြင်းက ရှုံးနိမ့်ခြင်းတွေအစ ဖြစ်လိမ့်မည်ကို အကျွန်မ မသိခဲ့။ သိမိတဲ့ အချိန်က နှောင်းလေပြီ။ အမှားတစ်ခုအတွက် ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရသော်လည်း မတန်မှန်း သိလည်း ဘာမှမတတ်နိုင်တော့။ ချစ်မိခဲ့ပါသော်လည်း အကျွန်မ ကံမကောင်းခဲ့ပါ။ အသက်ဆက်ရှင်ချင်လဲ ဒီသစ္စာဖောက်လက်တွင်းဝယ်တော့မဟုတ်။ ကိုယ့်အမှား ကိုယ်ပေးဆပ်ရန် နှင့် သူ့အပေါ်ကျိန်စာဆိုးတွေ တည်နေစေရန် ဓါးစိုက်ဝင်လျှက်ရှိသော အကျွန်မ နှလုံးသားက သွေးနဲ့ ရေးထိုးခဲ့ပါ၏....။


အားလုံးကို ချစ်ခင်လေးစားလျှက် 
ပျူမခ (ကော့သောင်း)

No comments:

Post a Comment