Saturday, May 3, 2014

ဒွိဟရဲ့ ခြေတစ်လှမ်းမှာ....



(က)
“  ညာရေးမှူးရုံး”

တိတ်ဆိတ်ငြိမ်သက်နေသော အဆောက်အဦးတစ်ခု၏ ဝရံတာ လက်ရန်းပေါ်တွင် ဂွမ်းကပ်စောင်တစ်ခုကို လွှားကာ လှန်းထားသည်။ ထိုစောင်အောက်တွင် တစ်ပိုင်းတစ်စ ပျောက်ဆုံးနေသော ပ အက္ခရာသည် ယနေ့ခေတ်ပညာရေး ပုံရိပ်ကို မရည်ရွယ်ပါပဲနှင့် ဖော်ပြနေသလိုပင်။ ထိုအဆောက်အဦးက တိတ်ဆိတ်ငြိမ်သက်နေသလောက် နံဘေးတွင်ရှိနေသော အ.လ.က ကျောင်းကလေးသည် ဆည်းလည်းသံကလေးများ တလွင်လွင်နှင့် ဥယျာဉ်မှူးတို့၏ စကားသံများ တလွင်လွင်နှင့် ဆူညံနေပါသည်။ ပဉ္စမတန်း တန်းခွဲ စီ ဟု ဆိုင်းဘုတ် တပ်ထားသော အခန်းတစ်ခုတွင် ကျောင်းသူ ကျောင်းသားများက ဆရာမကို ဂါဝရပြု နုတ်ဆက်ပြီးနောက် ဆရာမ၏ ပြန်လည်နုတ်ဆက်စကားသံကို မတ်တပ်ရပ်ကာ ငံ့လင့်နေကြသည်။ 


“မင်္ဂလာပါ သားတို့ သမီးတို့။ ဆရာမ ခုတစ်ခါတည်း ပြောလိုတာက စာအုပ်ဖိုး ကောက်ခံတဲ့ အကြောင်းကို သေသေချာချာနားထောင်ထားပါ။ မနှစ်က သားတို့ သမီးတို့ အတန်းတင်စာမေးပွဲ မဖြေဆိုခင် ငါးတန်းပုံနှိပ်လေးတွေ ကြိုပြီး ရောင်းခဲ့တာ ကိုမှတ်မိတယ် မဟုတ်လား.....။”

“ဟုတ်....။ မှတ်မိပါတယ် ရှင့်/ခင်ဗျာ့။”

“အေး ။ ခုပြောချင်တာက ဒီစာအုပ်တွေကို ရောင်းလိုက်တုန်းက ဈေးနှုန်းမှားသွားလို့တဲ့။ ဆရာကြီးက ဆရာမတို့အားလုံးကို ပြောလာတယ်။ ဒီတော့ စာအုပ်ဖိုး အတွက် ကွာနေတဲ့ ပိုက်ဆံက တစ်ထောင်ဆိုတော့ မနက်ဖြန်အားလုံး တစ်ထောင်စီ ယူလာခဲ့ပါ။ ပိုက်ဆံကို ဒီအတန်းရဲ့ အတန်းခေါင်းဆောင်က စာရင်းနဲ့ တကွ သေသေချာချာ အစုံအစေ့ ကောက်ခံထားလိုက်ပါ။ ဆရာမ မနက်ဖြန် ဆရာကြီးကို အချိန်မီ ပြန်အပ်ရမှာဆိုတော့ အားလုံး မမေ့လာပါနဲ့နော်။ ကဲ ... ဆရာမ မှာလိုက်ပြီ။ အိမ်ရောက်ရင် မိဘတွေကို သေသေချာချာ ပြောပြပြီး တောင်းလာခဲ့နော်။ 
ဒါဆို အားလုံးထိုင်ကြပါ။  ဆရာမတို့ စာစသင်ရအောင်”

“ဟုတ်ကဲ့ပါ ဆရာမ”

တစ်ခန်းလုံး သံပြိုင် အဖြေပေးလိုက်သည့် အထဲတွင် ဖြိုးမောင် အသံမပါ။ သူ့အသံအစား သက်ပြင်းလေးတွဲတွဲသာ အကြိမ်ကြိမ် ထွက်လာသည်။ ဟုတ်ပါသည်။ လူချမ်းသာ အများစုနေထိုင်သော ဒီရပ်ကွက်တွင် ရှိသည့် ကျောင်းသည်လည်း ပြည့်စုံခြင်းနှင့် အတိပြီး၏။ ပြည့်စုံကုံလုံမှုတို့၏ ပုံရိပ်ဖြစ်သော ကျောင်း၏ အဆောက်အဦးသည် အလယ်တန်းကျောင်းနှင့်မတူ ။အထက်တန်းကျောင်းနှင့်တူလှသည်။ ပရိဘောဂ အဆောင်အယောင်တို့သည် စာသင်ခန်းတိုင်းတွင် လိုအပ်ချက်မရှိအောင် ပြည့်ဝသည်။ ထိုသို့ ပြည့်စုံအောင်လည်း တာဝန်ရှိသူများက ဖန်တီးသည်။ တစ်နေ့တစ်ခြား မရိုးအီနိင်သော ခေါင်းစဉ်အမျိုးမျိုးအောက်တွင် ပုံစံမျိုးစုံနှင့် ပိုက်ဆံကောက်ခံသည်။ သူဌေးကျောင်းတွင် သူဌေးသားချည်းသာ ကျောင်းတက်သည်မဟုတ်။ ဒီရပ်ကွက်ကို မှီပြီး နေထိုင်တဲ့ ဆင်းရဲသော မိသားစုမှ ကျောင်းသားအများစုလည်း ထိုကျောင်းတွင် တက်ရောက်ကြပါသည်။ ထိုအခါ အကောက်အခံများသည် ထိုထိုလူများအဖို့မှာက အသက်ရှုမချောင်လှပါ။ ထိုအထဲတွင် နွမ်းပါးသော ဖြိုးမောင်လို ကျောင်းသားလည်းအပါအဝင်ပင် ဖြစ်သည်။


                                                      X  X  X  X  X   X   X  X  X

                                                                       (ခ)
သေသပ်ခေတ်မီသော အဆောက်အဦးတစ်ခု၏ နောက်တွင် ရေဘုံဘိုင်မှ ရေကျသံနှင့်အတူ အဝတ်ဖွတ်သံက စည်းစနစ်ကျစွာ ထွက်ပေါ်လျှက်ရှိသည်။ အဝတ်ဖြူတစ်ထည်ကို သဲကြီးမဲကြီး ဖွတ်နေသော ဒေါ်ကြူ၏ မျက်နှာသည် အလိုမကျမှုနှင့် အတူ စိတ်ညစ်လျှက်ရှိသည်။

“မကြူရေ....ပြီးပြီလား။”

“အမ...ဒီအဖြူတစ်ထည်ပဲ ကျန်တော့တယ်။ အစွန်းက ဘယ်လိုချွတ်ချွတ် မကျွတ်ဘူး။ ကျွန်မလက်ကာတွေတောင် ပြုတ်တော့မယ်။ ဟူး.....။”

“ဟုတ်လား။ အိမ်က ကလေး မျောက်ရှုံးအောင်ဆော့လာပြီး ဘာနဲ့စွန်းလာတာလဲ မသိဘူး။ မကျွတ်ရင် မချွတ်နဲ့တော့။ မကြူသားလေးအတွက် ယူသွားလိုက်ပါ။ ရော့...အဝတ်လျှော်ခ ”

ပိုက်ဆုံ သုံးထောင်နှင့်အတူ ဒီအိမ်ရှင်မမှ စေတနာထက်သန်စွာ စွန့်ကြဲလိုက်သော ကျောင်းအကျီင်္ အဖြူ ကလေးသည် သူမ၏ သားကလေးနှင့် တော်ပါလိမ့်မည်။ ပျော်ရွင်စွာဖြင့် အိမ်ဘက်ကို ခပ်သွက်သွက်လှမ်းပြီး နေ့လည်စာမချက်ရသေးတော့ ကျောင်းဆင်းချိန်အမီ ချက်ပြုတ်ပြင်ဆင်ရပေဦးမည်။ အမေတစ်ခု သားတစ်ခု ဖြင့် လည်ပတ်နေသော သူမတို့ အိမ်ကလေးသည် နိစ္စဓူဝ လိုအပ်ချက်များအပေါ်တွင် မလူးသာ မလွန့်သာဖြင့် ကျော်ဖြတ်နေရသည်မှာ တစ်ခါတစ်ရံ ပင်ပန်းလှ၏။

သူမတို့ ဒီရပ်ကွက်တွင် နေလာခဲ့ကြတာ နှစ်အတော်ကြာပြီ ဖြစ်သည်။ သူမ အိမ်ထောင်ကျခဲ့တုန်းက ဒီရပ်ကွက်မှာပင် စပြီး နေလာခဲ့ကြသည်။ သူမ ခင်ပွန်းက သူမကို ပစ်ထားသွားတုန်းကလည်း ဒီရပ်ကွက်ထဲမှာပင်။ သူမ သားကလေး မျက်နှာကို စမြင်တုန်းက လည်း ဒီရပ်ကွက်ရဲ့ သူမအိမ်မှာပင်။ သူမ သားကို ကျောင်းစတင် အပ်တုန်းကလည်း ဒီရပ်ကွက်က ဒီကျောင်းတွင်။ ဒီရပ်ကွက်သည် သူမအတွက် အလုပ်မရှား၊ ငွေမရှားစေသော အဝတ်လျှော်၊ မီးပူတိုက် အိမ်များစုစည်းထားရာ ရပ်ကွက်ပင် ဖြစ်သည်။ သားကလေး၏ ကျောင်းစရိတ်သည် သာမာန်ကျောင်းတို့ထက် စရိတ်စက ကြီးမားသော်လည်း အိမ်နှင့် နီးနီးနားနား တက်ရပါစေ ဆိုသော ဆန္ဒလေးဖြင့် ကျောင်းတက်စေခဲ့သည်။ ထို့အတွက် သူမသာ ကုန်းရုန်းရှာခဲ့သည်။ ရှိတန်ဆာ၊ မရှိဝမ်းစာ ဆိုသလို ရှိတုံက ရှိသလို၊ မရှိတော့ မရှိသလို ဖြင့် သားကလေး အငြိုအငြင်ကင်းအောင် ဆင်ယင်ပေး၍ ကျောင်းထားပေးခဲ့သည်။ ခုတွင် သူမမှားလေပြီလား။ သူမ၏ သားကလေး အတန်းတစ်တန်း ကြီးလာတိုင်း ထိုကျောင်းက အကောက်အခံလည်း လိုက်ပါပြီး ကြီးလာပြီလေ။တွေးရင်း လျှောက်ရင်း ဖြင့် ရှေ့တွင် သူမတို့ အိမ်ကို မြင်နေရပါပြီ။နေ့လည်စာကို သားကျောင်းဆင်းလျှင် ကွက်တိ ပြီးစီးရအောင် သူမ ခပ်မြန်မြန်ပင် ချက်ပြုတ်လိုက်သည်။ ဘဲဥ ချဉ်ရေဟင်း တစ်ခွက်သည် သူမ၏ သားကလေး အတွက် အမြန်ဆုံး ဟင်းတစ်ခွက်ပင် ဖြစ်၏။

                                                             X  X  X  X  X   X   X  X  X
                                                                           (ဂ)

“ဒေါ်ငယ်ရေ...ရှိနေလား။ ကျွန်တော် အာနိုးပါ။ တက်လာခဲ့ပြီ။”

“အော်..အေး။ အာနိုးတက်လာခဲ့။ ငါမီးဖိုချောင်မှာ။ ဒီမယ် ဟင်းချက်နေရဲ့။ ”

“ဟုတ်။ မေကြီးက ဒေါ်ငယ်အတွက် ငါးခြောက်လာပေးခိုင်းလိုက်လို့ လာပို့တာ ။ ငဖြိုး တစ်ယောက် နေ့လည်စာ ကျောင်းမဆင်းသေးဘူး ထင်ရဲ့။”

အာနိုးက ပြောရင်းဆိုရင်း အင်္ဂတေ အကြမ်းခင်းထားသော သံမံတလင်းပေါ်က သစ်ပြား ကွပ်ပျစ် အနိမ့်လေးပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ဆွေးနေသော ကွပ်ပျစ်က သူ့ဝိတ်ပိန်ပိန်လေးကို မခံနိုင်လှစွာနှင့် အသံကျယ်ကြီးမြည်ကာ သတိပေးလိုက်သည်။

“ဟဲ့ .... အကောင်။ ဖြည်းဖြည်း ထိုင်ပါဟဲ့။ နဂိုကမှ ဆွေးနေရတဲ့ အထဲ။ ဒီကွပ်ပျစ် ကျိုးသွားရင် အသစ်လဲဖို့ သစ်က ဈေးကြီးပါဘိနဲ့။ ဒါနဲ့ အမရော နေကောင်းလား။ နင့်အဖေရော။”

“ဟုတ် ။ အားလုံးနေကောင်း ကျန်းမာ ရွင်လန်း သာသာယာယာပါပဲ ဒေါ်ငယ်ရေ...။”

“အေး... ကျန်းမာရေး ကောင်းဖို့ပဲ လိုပါတယ်အေ။”

တူဝရီး နှစ်ယောက် အတိုင် အဖောက်ညီစွာ စကားအချီအချ ပြောနေစဉ် ဖြိုးမောင်တစ်ယောက် မျက်နှာ ညှိုးညှိုးဖြင့် ရောက်လာလေသည်။

“ဟဲ့... ဖြိုးမောင်။ ဘာဖြစ်လာတာတုန်း။ မျက်နှာက သုန်သုန်မှုန်မှုန်နဲ့။”

“အမေရေ... ပြောမပြောချင်ဘူး။ ကျောင်းမှာ မနှစ်က စာအုပ်ပုံနှိပ်ကြိုရောင်းတဲ့ဟာက ခုဈေးမှားနေလို့ဆိုပြီး ပိုက်ဆံ တစ်ထောင်စီ ပြန်ကောက်တယ်။ အော်... ကိုငယ်လဲ ရောက်နေတာကိုး ။ ကြုံတုန်း သားကို မုန့်ဖိုးပေးသွားဗျာ။”

“ဟဲ့ ....။ နင့်ကိုငယ်က သူတောင် နင့်ကြီးကြီးမှာ ပိုက်ဆံလက်ဖြန့်တောင်းနေရတဲ့ ကောလိပ်ကျောင်းသားလေ။ ဘယ်ရှိမတုန်း။ နင့်ကျောင်းက လွန်လွန်းပါတယ်အေ။ ကောက်ဘဲ ကောက်နိုင်တယ်။ ဟော ကျောင်းဝေယျဝစ္စ အပတ်စဉ်ရန်ပုံငွေတဲ့။ နောက် ဝါဆိုသင်္ကန်းကပ်။ နောက် ဆရာမတစ်ယောက် ကျောင်းပြောင်းသွားလို့ နှုတ်ဆက်ပွဲ။ အဲတာတွေ ကောက်တိုင်း ငါ့မှာ ဟိုနားချေး ဒီနားကဆွဲ နဲ့ ထည့်ပေးရတာ။ ရှိတော့ ပြန်ဆပ်။ ဘယ်မှာ ပိုက်ဆံက အပိုကျန်မလဲ။ စိတ်ညစ်တယ်။ နင်တို့ကျောင်းက အစိုးရကျောင်းမှ ဟုတ်ရဲ့လားအေ။”

“မသိပါဘူး အမေရာ။ သားဗိုက်ဆာပြီ။ ဘာဟင်းချက်လဲ။ ”

“ဘဲဥချဉ်ရေဟင်း”

“ဟင်း.....။ လာပြန်ပြီ။”

“မတတ်နိုင်ဘူးဟေ့။ ငါမှာလဲ နေ့ဖို့ ညစာ ဒီလိုပဲ ရှာကြံချက်ပြုတ်နေရတာပဲ။”

ဖြိုးမောင် နှာခေါင်းတစ်ရှုံ့ ရှုံ့နှင့် ထမင်းခူးခပ်ကာ စားဖို့ သောက်ဖို့ ပြင်နေပါသည်။ အားလုံးကို နားထောင်နေသော အာနိးမှ 

“ဘာအတွက်ကောက်ပြန်တာလဲ ဒေါ်ငယ်ရာ။ ဒီကျောင်းက လွန်လွန်းတယ်။ ဘေးမှာလဲ ပညာရေးမှူးရုံး က မသိဘူးလား မသိဘူး။ တော်တော် စိတ်တိုဖို့ကောင်းတယ်။ ဟိုးတောကျောင်းတွေဆို အစိုးရအစီအစဉ် နဲ့ မနက် ကျောင်းခေါင်းလောင်းထိုးပြီ ဆိုရင် မနက်စာဆိုပြီး နွားနို့၊ မုန့် ကျွေးပြီးသား။ ဒီကျောင်းမှာက မနက် ကျောင်းခေါင်းလောင်းထိုးတာနဲ့ ဘာခေါင်းစဉ်နဲ့ ပိုက်ဆံကောက်ရမလဲ ဆိုပြီး ထိုင်တွေးနေကြတာ။ ပွင့်လင်းမြင်သာတဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ အရှိန်အဟုန်မြှင့်နေတာတောင် ဒီလို အရိုးစွဲအကျင့်တွေ မပြောင်းသေးဘူး။ သေလဲစားခံရ ၊ ရှင်လဲ စားခံရတဲ့ အဖြစ်။ ဒါမျိုးကို ငြိမ်ခံမနေနဲ့။ တိုင်ပစ်ရမှာ။ အောက်မရရင် အလယ် ။အလယ်နဲ့မရရင် အပေါ်ကို တစ်ခါတည်း တိုင်ပစ်။ ပစ်စာ ပို့ပစ်ရမယ်။ တစ်ခါတည်း အပီ တွယ်လိုက်မှ ငြိမ်မယ့် ဟာတွေ။ တောက်....။ သွားတော့မယ် ဒေါ်ငယ်။”

တောက် တစ်ခေါက်ခေါက်နှင့် ထွက်ခွာသွားသော တူဖြစ်သူ အာနိုးကို ကြည့်ရင်း ဒေါ်ကြူ ငိုင်ပြီး ကျန်ရစ်ခဲ့သည်။ ပြောသူက ပြောသွားပြီး ဘယ်သူက လုပ်မည်နည်း။ လူငယ်ဆိုတာမျိုးက အပြောကြီးပြီး အလုပ်ကျရင်ဖြင့် နှေးကြသည်မဟုတ်လား။ ဒေါ်ကြူတစ်ယောက်သာ မဲ့ ပြုံးပြုံးပြီး မနက်ဖြန် သားအတွက် ပိုက်ဆံ တစ်ထောင် လက်ထဲ ထည့်ပေးလိုက်နိုင်ဖို့ နေ့လည်တစ်ခင်းလုံး အဝတ်လျှော်မည့် အိမ်ကို လိုက်ရှာရမည် ဟု တွေးနေမိသည်။ ဒါက ဒေါ်ကြူတို့ ဘဝတွေ ပင်မဟုတ်ပါလား။


                                                                X  X  X  X  X   X   X  X  X
                                                                           (ဃ)


“ဒေါင်ဒင်...ဒေါင်ဒင်”

ကျောင်းတက်ခေါင်းလောင်းထိုးပြီး နောက် ပထမဆုံး အချိန်ကို ဖြိုးမောင်တစ်ယောက် ရင်ခုန်စွာ စောင့်မျှော်နေသည်။ စာအုပ်ဖိုး ပိုက်ဆံ တစ်ထောင် သည် အခြေအနေ တစ်မျိုးတစ်ဖုံကြောင့် မထည့်နိုင်သေး။ ကျောင်းအကျီင်္ခပ်နွမ်းနွမ်းပေါ်မှာ ပြဲ စုတ်နေသော အိတ်ကပ်ကလေးမှ စာတစ်စောင်ကို ဖြိုးမောင် ခဏခဏ ငုံ့ကြည့်နေရသည်။ နေ့ခင်းပိုင်း အဝတ်လျှော် မီးပူတိုက် သော အလုပ်မရသောကြောင့် ဖြိုးမောင်တို့ အမေက ပိုက်ဆံ တစ်ထောင်အား သားလက်ထဲ ကို မထည့်ပေးလိုက်နိုင်ခဲ့ပါ။ ထို့အစား ဆရာမအား သားဖြစ်သူ မပြောရဲ မဆိုရဲ ဖြစ်နေရမှာ စိုးသောကြောင့် တောင်းပန်သောစာ တစ်စောင်အား ဖြိုးမောင်ကို ပေးလိုက်သည်။ ဆရာမ က ပိုက်ဆံမပေးရသေးသော လူစာရင်းကို ခေါ်သည့်အခါ ဖြိုးမောင် အသာထသွားပြီး စာအား ပေးလိုက်မည်ပေါ့။ သူ့အတွက် သက်ပြင်းများကိုသာ ပေါပေါများများ ရ၍ ရှူလိုက် ထုတ်လိုက် လုပ်နေတော့သည်။

“အားလုံး ဆရာမ မနေ့က ပြောလိုက်တာ ပိုက်ဆံ တစ်ထောင်စီ အတန်းခေါင်းဆောင်စီမှာ ထည့်ပြီးပြီလို့ ထင်တယ်။ ဟုတ်လား။ အတန်းခေါင်းဆောင် ခဏထွက်လာပါ။ စာရင်းပါ ယူလာခဲ့။”

ဆရာမနှင့် အတန်းခေါင်းဆောင် တစ်ယောက်တစ်လှည့် စကားပြောနေသည်ကို ဖြိုးမောင်တစ်ယောက် ရင်ထိတ်စွာ လိုက်ကြည့်နေမိသည်။ ထိုစဉ် ဖြိုးမောင် အရှေ့ခုံမှ ကျောင်းသားတစ်ယောက် ကပျာကယာ နှင့် ကျောပိုးအိတ်မှ ပိုက်ဆံခေါက်တစ်ခုကို ယူထုတ်ကာ ထိုအခေါက်ထဲမှ ပိုက်ဆံတစ်ထောင် ဆွဲထုတ်လိုက်သည်။ ဆွဲထုတ်ပြီး ပိုက်ဆံခေါက်ကို အရှေ့ ကို ပူပူပင်ပင်နှင့် လှမ်းကြည့်ကာ ထိုးထည့်လိုက်သောကြောင့် ကျောပိုးအိတ် ပြင်ပကို ရောက်သွားသည်ကို ထိုကျောင်းသား မသိ။ ဖြိုးမောင် ခုံတန်း၏ ရှေ့ကို တန်းတန်းမတ်မတ် ကျသွားသည်။ ထိုသည်ကို သတိမထားမိဘဲ လောလောနှင့် ထိုကျောင်းသား ဆရာမ ဆီကို ပြေးသွားနေသည်။ ဖြိုးမောင် ဘေးဘီကြည့်လိုက်သည်။ အားလုံးက သူ့ကို စိတ်မဝင်စားအား။ ဆရာမကို လှမ်းကြည့်နေကြသည်။ ဖြိုးမောင် ဘာဆက်လုပ်ရမည်ကို ဖြိုးမောင် ဒွိဟ ဖြစ်နေဆဲ။ ခြေတစ်လှမ်းဆန့်ထုတ်ကာ ပိုက်ဆံခေါက်ထဲမှ ပိုက်ဆံ တစ်ထောင်အား အချိန်မရွေး ဆွဲထုတ်ယူလိုက်နိုင်သည်။ ဖြိုးမောင်တွေဝေဆဲ။ အိတ်ကပ်အတွင်းမှ စာခေါက်ကို တစ်ခါ လှမ်းကြည့်လိုက်သည်။ ဖြိုးမောင် ချွေးစိမ်းများ ရုတ်ချည်း ပြန်လာသည်။ အားလုံးသည် အနှေးပြကွက်နှယ် ။ ပိုက်ဆံ ကျန်မှန်းမသိသော ကျောင်းသားကလည်း ဆရာမနားမှ မခွာရသေးပါ။ ကိုယ်စောင့်နတ် ခြောက်ပါးတွင် နတ်ကောင်းနှင့် နတ်ဆိုးတို့သည် ဖြိုးမောင်ကို မြေစာပင်ထားပြီး လွန်ဆွဲနေကြသည်။ ဖြိုးမောင် ခြေလက်တုန်ယင်ပြီး နှလုံးလည်း တဒိတ်ဒိတ် ခုန်နေတော့သည်။ 

“ဖြိုးမောင်...။ မင်းယူလိုက်။ မင်းယူလိုက်ရင် မင်းစာကို ဆရာမဆီမှာ မျက်နှာငယ်ငယ်နဲ့ သွားပေးစရာမလိုတော့ဘူး။ ဒီအခေါက်ထဲမှာလည်း တစ်ထောင်တန် တစ်ချပ်ပဲ ယူရမှာ။ ဟိုငနဲက သူဌေးသား ။ ပိုက်ဆံ တစ်ထောင်ပျောက်တာ သိမှာမဟုတ်ဘူး။ မင်းအမေလည်း ဝန်ပေါ့တန် ပေါ့သွားနိုင်တယ်။ မင်းယူလိုက်။ တွေဝေမနေနဲ့ကွ။ ဆရာမ လူစာရင်းခေါ်တော့မယ်။ မင်းဘာဆက်လုပ်မလဲ။ ”

“ဖြိုးမောင်။ မကောင်းမှုကို မကျူးလွန်ဖို့ မင်းအမေ ဆုံးမထားတယ်လေ။ သူများပစ္စည်းကို အပ်တိုတစ်ချောင်းမှ မခိုးရဘူးလို့ ပြောဖူးတယ်မဟုတ်လား။ မင်း ပိုက်ဆံယူလိုက်လို့ ဟိုတစ်ယောက်က သူ့ပိုက်ဆံ အသေအချာရေထားရင် မင်းရှေ့မှာ ကျတာ မင်းပဲ အမှုပတ်မှာမဟုတ်လား။ ဒီအရှက်ကွဲလို့က မင်းရော မင်းအမေပါ ကျောင်းအုပ်ရုံးခန်းတောင် ရောက်နိုင်တယ်နော်။ မင်းစဉ်းစား။ မင်းယူလိုက်မလား။ မင်းအိတ်က စာကို ဆရာမကိုပေးလိုက်မလား။ မင်းစဉ်းစား။ ဆရာမကတော့ လူစာရင်းခေါ်တော့မယ်။ မင်းဘာဆက်လုပ်မလဲ။”

ဖြိုးမောင် ကတုန်ကယင်ဖြစ်နေပါသည်။ တိတ်ဆိတ်နေသော အခန်းထဲမှ ဆရာမ၏ လူစာရင်းခေါ်သံသာ တစ်ယောက်ပြီးတစ်ယောက်ထံ ပျံ့လွင့်လာပါသည်။ 

“ဖြိုးမောင်”

ဖြိုးမောင် ဆတ်ခနဲထလိုက်သည်။ ပိုက်ဆံ ကို အသာအယာ ဆုပ်ကိုင်ထားသော လက်တစ်ဖက်ကို ဟန်ပါပါလွှဲရင်း ကျန်လက်တစ်ဖက်က မသိမသာလေး ထိုးထွက်နေသော အိတ်ကပ်မှ စာလေးကို အောက်ခြေထိ ဖိသိပ်လိုက်ရင်း။။..


ချစ်ခင်လေးစားစွာဖြင့်
ပျူမခ(ကော့သောင်း)

No comments:

Post a Comment