(၁)
ကျွန်တော့် အတန်းထဲ လှမ်းဝင်လိုက်တာနဲ့စားပွဲပေါ်တွင် ခွင့်တိုင်စာတစ်ထပ်ကြီးကို စိတ်မသက်သာစွာနဲ့မြင်လိုက်ရသည်။ ဆရာဝင်လာတာကိုမြင်ပြီး အတန်းထဲက ကျောင်းသားအားလုံး ဂါဝရပြုနုတ်ဆက်သည်ကို ပြန်လည်နုတ်ဆက်ပြီး လုပ်နေကြတာဝန်အရ roll call ခေါ်ရန် Register ကိုဖွင့်လိုက်သည်။စိတ်ညစ်နေသော ကျွန်တော်ရဲ့ ရှစ်ခေါက်ချိုး မျက်နှာက ကျောင်းသားတွေရှေ့ မှာ ကဒါဖီခေါင်းဆောင် ရောက်နေသလို အတန်းတစ်တန်းလုံး လေတိုးသံတောင်မကြား။ တိတ်ဆိတ်နေကြသည်။ Register သွင်းရန် ခွင့်စာတစ်ထပ် ကိုလှမ်းလိုက်သည်။
ဟုတ်သော်ရှိ၊ မရှိ။ ယုတ္တိဆန်၊ မဆန်။ အကြောင်းအရာ မှန်၊ မမှန် စဉ်းစားရဦးမည်။ “ခွင့်” .... “ခွင့်” ...ဘယ်သူတွေများ အဲဒီ “ခွင့်” ကိုဘယ်လိုတွေအသုံးချကြလဲ မသိပါ။ သုံးတတ်ရင် ကောင်းကျိုးရှိနိုင်သလို နေရာတကျ မသုံးတတ်ရင်လဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါလား ဆိုတဲ့အတွေး ရင်မောလှပါလား .............။
(၂)
Register သွင်းနေစဉ် ဘေးနားက ကျောင်းသူတစ်ယောက် ခေါ်သံကြောင့် ခေါင်းကို အသာထောင်ကြည့်လိုက်သည်။
“ အင်း ...........သမီးပြော”
“ဆရာ........သမီး မနေ့ ကကျောင်းမတတ်ဖြစ်ဘူး။ ဆရာ”
“အေး.....ဟုတ်တယ်။ ခွင့်တိုင်စာလေးတောင် မပို့နိုင်ရလောက်အောင် ဘာတွေကများ ကျောင်းစာတွေထက်အရေးကြီးနေလဲ။သမီး”
ကြားရတော့မယ်။ဒီကောင်မလေးဆီက ဟုတ်တာလဲဖြစ်နိုင်သလို၊ မဟုတ်တာလဲ လာနိုင်တယ်။ဆင်ခြေ ဆင်လက်တွေ၊ မုသားအလင်္ကာတွေ တောင်မြောက်လမ်းဖောက်တော့မည်။ ဒါပေမယ့် ကိုယ့်ဖက်က “ဆင်ခြေတွေမလိုချင်ဘူး။” လို့ ပိတ်ပြောလိုက်ရင် ရပေမယ့် ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားကျောင်းသူကိုယ်ရေးကိစ္စကို ပိတ်ပင်တားပိုင်ခွင့်မရှိ။သူမှာလဲ လျှောက်လဲချက်တွေ တင်ခွင့်ရှိသည်။ဒါကြောင့် နားထောင်ကြည့်ရအောင်လို့ သူမကို စကားလမ်းဖောက်ပေးရမည်။
“ကဲ....သမီးရဲ့ အခွင့်အရေးအရ သမီးဘာကြောင့်ကျောင်းပျက်ရလဲ။ ဘာကြောင့်ခွင့်တိုင်စာ မပို့နိုင်ရတာလဲ။ ဒါကိုရှင်းပြ”
“ဟုတ်ကဲ့ရှင့်...။ ဆရာ။ သမီးမနေ့က ကလေးထိန်းနေရလို့ပါ ဆရာ။”
ဟေ.....။ကလေးထိန်းရတယ်တဲ့။ ဟုတ်နိုင်လား။ မဟုတ်နိုင်ဘူးလား ကိုအသာထားဦး။ သူရဲ့ အကြောင်းပြချက်ကတော့ တော်တော့ကို ဆွဲဆောင်မှုရှိနေပြီ။
“သမီး.....ကလေးထိန်းတာ ကျောင်းပျက်ရလောက်တဲ့ အထိတော့ မခိုင်လုံသေးဘူး။ ဆရာကို သေချာရှင်းပြပါလား”
“ဆရာ....သမီး အမေခါတိုင်း အဝတ်လျှော်သွားရင် သမီးမောင်လေးကို အမြဲခေါ်သွားတော့ အကြီးဆုံး ဖြစ်တဲ့သမီးက အေးအေးလူလူ ကျောင်းတက်ရပါတယ်ဆရာ။ ခုတော့မောင်လေးက နေမကောင်းဘူးဆိုတော့ အမေ့က ခေါ်သွားလို့မရဘူး။ အိမ်မှာလူလဲမရှိတော့ သမီးကိုကလေးကြည့်ခိုင်းထားခဲ့ပါတယ် ဆရာ။ အမေ့အလုပ်ကလဲ မလုပ်ရင် မရဘူး။ ဒီနေ့မလုပ်ရင် နောက်နေ့ဆန်အိုးမှာ ဆန်မရှိတော့ဘူး ဆရာ....။ အဲဒါကြောင့်ပါ။”
ဟာ....လို့ ဖွင့်မအော်မိအောင် စိတ်ကိုချုပ်တည်းရင်း ကျောင်းသူလေးရဲ့ အကြောင်းပြချက်က ကျွန်တော်ရင် ကိုအတိုင်းအစမရှိ ခနဝင်မီးရှို့သွားပါတော့သည်။ ကျွန်တော်ခုနက တွေးလိုက်မိတဲ့ သရော်တွေးလေးကို ပြန်ပြီးရှက်မိပါသည်။ နွမ်းလျှစွာနဲ့ဘဲ့ သူ့ကို နောက်ဆိုရင် ခွင့်စာကို မဖြစ်ဖြစ်အောင် တင်ပေးဖို့ ပြောပြီး အတန်းပြန်ဝင်ထိုင်ခိုင်းလိုက်ပါသည်။ ကျွန်တော်တို့ နေ့စဉ်ဘဝလေးတွေထဲက အခွင့်အရေးတော်တော်များများ ဖမ်းဆုပ်ဖူးသည်။ လွင့်ပစ်ဖူးသည်။ ဒီကျောင်းသူကတော့ စာသင်“ခွင့်” ကိုလက်လွှတ်ခံပြီး မိသားစု ထမင်းနပ်မှန်ဖို့ ကူညီပေးခွင့် ကိုဖမ်းဆုပ်ခဲ့ပါလား။
*****************************************
(၃)
စိတ်မောပြီး ကုလားထိုင် နောက်မှီနေစဉ် ဘေးကနောက်တစ်သံ ထွက်လာပြန်ပြီ။ ဝတုတ်ကလေး။ ကျွန်တော်သိတာပေါ့။ သူကတော့မိဘပြည့်စုံလို့ အခန်းထဲမှာလူစွာကျယ်လုပ်နေတဲ့ကောင်။ မနေ့ကကျောင်းကိုသူမလာဘူး။ သူကျောင်းပြေးတဲ့ အကြောင်းကိုလာပြော ပေးတာကိုဘဲ့ကျေးဇူးတင်ရမည်။
“ ဆရာ .......မနေ့ ကသားကျောင်းပြေးတယ်”
“သိတယ်...... မင်းခွင့်မတိုင်ဘူး။ ဘာကြောင့်ပြေးလဲ”
“ဝမ်းသွားနေလို့ပါ...ဆရာ။”
အဖြေရရိုးရိုးလေးပါဘဲ့။ မုသားက တစ်ကြောင်းတည်းရယ် ဆိုတာ ကျွန်တော်ခန့်မှန်းမိပြီးသားပါ။ ကျန်တာကတော့ ဆက်မတွေးရဲတော့။
“ဝမ်းသွားနေရင် ဝမ်းသွားကြောင်း ခွင့်တိုင်စာရေးရမှန်း မသိဘူးလား။ ဒါမှမဟုတ် သိရက်နဲ့ စည်းကမ်းကို မထီလေးစားလုပ်တာလား။ ဒီထဲက ဘာဖြစ်နိုင်မလဲ။”
“မဟုတ်ပါဘူး..ဆရာ။ အိမ်မှာ လူကြီးတွေအလုပ်တစ်ယောက်မှမအားကြဘူးဆရာ။ သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေလို့ ကျွန်တော်ဝမ်းသွားတာတောင် ဂရုမစိုက်ကြပါဘူး ဆရာ။
“မဟုတ်ဘူးဆရာ....ဒီကောင်ဖက်တီး အာရွှီးနေတာပါ။ မနေ့ တစ်အိမ်လုံးပျော်ပွဲစားသွားနေကြတယ် ဆရာ”
အင်း....အနောက်ကတော့ဖော်ကောင်လုပ်လိုက်ပြီ။ ဆရာတစ်ယောက်ကို ဒီလိုအချိုးချိုးမျိုး ချိုးရဲတဲ့ ဒီလူချမ်းသာ အသိုင်းအဝိုင်း ဆိုတာကြီးရဲ့ အခွင့်အရေးကတော့ အင်း၊ အဲ လိုက်ပြီး ထောပတ်ဆီဦး ကျွေးသမျှ စားပြီးမှိန်းနေမည့် ဆရာတွေမျိုးနဲ့တော့ တော်ကာကျပေမယ့် ကျွန်တော် ဒီအမျိုးအစားတွေထဲကမဟုတ်ပါ။
နာသုံးနာကို စောင့်ထိန်းရမယ့် ဆရာကျင့်ဝတ်အရ စိတ်လိုက်မာန်ပါလုပ်လို့ မဖြစ်ပါ။ ဘာဖြစ်ဖြစ် သတိတော့ပေးလိုက်ရသည်။
“ မင်းနောက်တစ်ခါ ဒီလိုလုပ်ရင်တော့ မင်းမိဘကို ဆင့်ခေါ်စာပို့ပြီး ကျောင်းအုပ်ကြီးနဲ့ ပေးတွေ့ရလိမ့်မယ်။ စည်းကမ်းကို အများသူငါလို လိုက်နာလေးစားပါ။ ရပြီ။ သွားထိုင်တော့ ။”
လို့ ပြောလိုက်ရပေမယ့် ကိုယ့်မှာက အတွေးနယ်ချဲ့ကျန်ခဲ့တယ်။
အော်.....ပြည့်စုံသူတွေရဲ့ အခွင့်အရေးဆိုတာဟာ တဖြည်းဖြည်းအကျင့်သိက္ခာကို ဒီရေ ကမ်းပါးတိုက်စားသလို တတိတိ ဝါးမြိုပြီး ညွှတ်ကွင်းက ရုန်းမလွတ်နိုင်အောင် ဖမ်းနိုင်တဲ့ အခွင့်အရေးလေလား.။ ဒါဆိုရင် ဒီအခွင့်အရေးကိုတော့ မုန်းမိပါရဲ့။
***********************************************
(၄)
အတန်းကို ကိုယ့်စာသင်ချိန်ပြီးအောင်သာ သင်လိုက်ရသည်။ စိတ်ကတော့မပါလှပါ။ ကိုယ့်အချိန်ကုန်တာနဲ့ မတ်တပ်ရပ်လိုက်လျှင်
တစ်တန်းလုံးက ထိုင်ရာကထပြီး ပဉ္စဂုနံ အစချီသော နုတ်ဆက်သံ အဆုံး အားလုံးကို ကျွန်တော် ပြန်လည်နုတ်ဆက်ရင်း နဲ့ နောက် စာသင်ချိန် နောက်တစ်ခန်းကူးရမည်။ ဒါပေမယ့် 45 မီနစ်ဆိုတဲ့ အချိန်ခနလေးမှာ ကျွန်တော် အတွက် မိန်းကလေးတစ်ယောက်က ကျွန်တော့်ရဲ့ တစ်ဖက်အပေါ် အပေါ်ယံ ဝေဖန်တတ်မှုရဲ့ မကောင်းကြောင်းကို လာထောက်ပြသွားပြီး ပြင်ဆင်“ခွင့်” လေးပေးလိုက်တယ်။ ပြည့်စုံတဲ့ ကျောင်းသားတစ်ယောက်ကလဲ 45 မီနစ်အတွင်းမှာငွေကြေးပြည့်စုံခြင်းရဲ့ အခွင့်အရေးကို လွဲမှားစွားအသုံးချလိုက်မှုကြောင့် နေရင်းထိုင်ရင် ချဉ်ဖတ်ဖြစ်သွားတတ်သည်ကို သင်ခန်းစာပေးရင်း ကျွန်တော့်ကို သင်ယူ“ခွင့်” ပေးလိုက်သည်။
ဒါဆို ကျွန်တော်အတွက် အဆိုးထဲမှ အကောင်းကိုရွေးတတ်ပါစေ ဆိုတဲ့စကားလို “ပြင်ဆင်ခွင့်” နဲ့“သင်ယူခွင့်” ကို ရရှိလိုက်တဲ့ အချိန်က 45 မိနစ်တည်းပါ။
တကယ့် တကယ်ကို 45 မိနစ်လေးပါ။
အားလုံးကိုချစ်ခင်လေးစားလျှက်
အရုဏ်ဦး( ကော့သောင်း)
၁၂-၃-၂၀၁၃
No comments:
Post a Comment