ကျွန်မ ရှင်သန်နိုးထလာတဲ့ အချိန် မျက်လုံးဖွင့်ဖွင့်ချင်း
ပတ်ဝန်းကျင်က အရာရာဟာ စိမ်းစိုလန်းဆန်းလျှက်ရှိတာ ရှင့်။ ကျွန်မရဲ့ အမြင်အာရုံ
ရရခြင်း တွေ့ရတဲ့ မြင်ကွင်းက သိပ်မှင်တက်စရာ ကောင်းတာ။ အရင်ကဆို ကျွန်မရဲ့
နားတွေပဲ စွင့်ထားနိုင်တော့ ကိုငှက်တို့ မောင်နှံ
စကားပြောချစ်တင်းနှောနေတာ၊ ဘေးနားက လွင့်လွင့်လာတဲ့ ခရေတွေ အတင်းအုပ်
ရယ်သွမ်းနေတာတွေ။ အို...အများကြီး အများကြီး ကိုကြားရတော့ မြင်ချင်လိုက်တာရှင်။
လောကကြီးကို ထိတွေ့မြင်တွေ့ရမယ့်
အချိန်ကို လက်ချိုးရေစောင့်ခဲ့တာပေါ့။ ဆုတောင်းတွေ ပြည့်တဲ့ ဒီနေ့မှာ ကျွန်မ
အမြင်အာရုံခံစားနိုင်စွမ်း ရှိလာပြီ ဆိုတော့ အခုပဲ ကျွန်မ ဘေးနားက မြင်မြင်သမျှ
အရာတွေကို မိတ်ဆွေလိုက်ဖွဲ့ ဦးမှာ။ လတ်ဆတ်တဲ့ ကိုလေပြည်ကလည်း ဒီနေ့မှ ကျွန်မကို
ပိုကျီစယ်နေသလိုတောင် ထင်မိတယ်ရှင့်။
ဟုတ်တယ်လေ။
အရင်တုန်းကဆို ကျွန်မကို လေတိုးတာတောင် ဘာသိဘာသာနေခဲ့တာ ဆိုတော့
သိပ်ဂရုမထားမိပါဘူး။ သူယူ ယူလာနေကျ ဆောင်တော်ကူး ရဲ့ သတင်းမွှေးတွေ၊ စံပယ် ရဲ့ ဖြူစင်ပုံလေးတွေ၊
ခွာညိုက ဘယ်လောက်စည်းကမ်းထိန်းသိမ်းတတ်ကြောင်း၊ သစ္စာတည်လွန်းတဲ့ ပိတောက်ပင်
အိုကြီး အကြောင်းတွေ လာလာပြောတိုင်း ကျွန်မ စိတ်တွေ အပျိုဖြန်းတစ်ယောက်လို လှုပ်ရှားနေတတ်တာ ပြောပြလို့တောင်
မတတ်ပါဘူးရှင်။ ခုတော့ကျွန်မ ဟိုဒီလျှောက်သွားပြီး ကိုလေပြည်လာပြောတဲ့ သူတို့ကို တစ်ယောက်ချင်းမိတ်ဖွဲ့ပြီး
ငယ်ရွယ်နုလှတဲ့ ကျွန်မနဲ့ အလှချင်း ယှဉ်ကြည့်လိုက်ပါဦးမယ်။ အသွင်သစ် နှင့် အမြင်သစ်
ဖူးပွင့်နေတဲ့ ကျွန်မ ဘယ်လောက်လှပတာကို သူတို့ဆီက ချီးကျူးထောပနာ ပြုသံတွေ
ကြားချင်သေးသပ ရှင်။
ကျွန်မ ပထမဆုံးလျှောက်လှမ်းတဲ့ ခြေလှမ်းအစမှာပဲ
ကျွန်မက အလှအပကို ဦးထိပ် ပန်ဆင်သူ တစ်ယောက်ဖြစ်နေပြီလား။ ဘယ်လိုပင်ဆိုကြပါစေ။
ကျွန်မရဲ့ ဝင့်ထည်လိုတဲ့ စိတ်တွေက တားမရ ဆီးမရ ယိုဖိတ်နေမှတော့ ဘယ်သူတွေရှုတ်ချချ၊
ကဲ့ရဲ့ရဲ့ ဂရုမစိုက်ပေါင်ရှင်။ ဒီလောကမှာသုံး၊လေးရက် နေလို့ရတုန်း
အပျော်ကြီးပျော်၊ အလှကြီးလှပြီး ပတ်ဝန်းကျင်က လှလွန်းတဲ့ မြေစိုက်ပန်း လို့ အလေးထားရကောင်းမှန်းသိအောင် နေသွားချင်ပါသေးတယ်။
(၁)
နေ့စဉ် ရက်ဆက် ဘယ်သူကမှ အထင်မကြီးခဲ့တဲ့
ကျွန်မတို့ မျိုးနွယ်တွေ အနားမှာနေလည်း ကျွန်မရဲ့အလှ ပြောင်ရောင်လာမှာမဟုတ်ဘူး။
ဒါကြောင့် မျိုးနွယ်တူ တွေနဲ့ မပေါင်းချင်တဲ့ ကျွန်မ တစ်ကိုယ်တည်း
ထွက်လာလိုက်တယ်။
တဖြည်းဖြည်း လျှောက်လာရင်း
တစ်ပင်လုံးထိန်ထိန်ပွင့်နေတဲ့ ပန်းခရေတွေကို ကျွန်မ အားကျမိတာနဲ့ လည်တံကိုင်းပြီး မော့ကြည့်လိုက်တာပေါ့။ ပြီးတော့
တဖြည်းဖြည်းနဲ့လည်း သူမတို့စက်ကွင်းထဲ တိုးဝင်သွားလိုက်တာ။
အို....သူမတို့သတင်း ကိုလေပြည် ကျွန်မကိုပြောတာ
လုပ်ကြံခြင်းတစ်ခွန်းမှ မရှိပါလား။
ပတ်ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်ကြူသင်းနေတာများ
ကျွန်မခန္ဓာကိုယ် တစ်ခုလုံး မွေးကြိုင် သွားသလို တောင် ထင်မိပါတယ်ရှင်။ ဒီအတွေးတွေ
ကျွန်မခေါင်းထဲ ရောက်လာတော့ ကျွန်မ ခြေထောက်တွေ က မြေဆီလွှာနဲ့တောင်
မထိချင် တော့ဘူး။ ပင်မြင့်ဆီမှာ ရယ်သွမ်းသွေးနေကြတဲ့ ခရေပွင့် အားလုံးကို
ကျွန်မ က ဆီးပြီး နုတ်ဆက်လိုက်တော့ သူတို့အားလုံး ရယ်သံတိတ်ပြီး ကျွန်မဆီ ဒိုင်းခနဲ
လှမ်းကြည့်ကြတယ်။ ကျွန်မ သူတို့အကြည့်တွေကို မမူပါဘူး။ သူတို့ ခင်ချင်ခင်၊
မခင်ချင်နေ ကျွန်မကတော့ တွယ်ကပ်ပြီးခင်မှာပဲ။ သူတို့ထဲက နဲနဲ အသက်ကြီးသလိုရှိတဲ့
ခရေက ကျွန်မကို ပြန်ပြီး နုတ်ဆက်တော့ ကျွန်မအရမ်း အားတက်မိတာပဲ။
“ညီမလေး....အလည်လာတာလား။”
“ဟုတ်...မမခရေ။ မမတို့အကြောင်း
ကျွန်မမမြင်ဖူးခင် ကတည်းက ကိုလေပြည်လာ,လာပြောနေတာ။ မမတို့က အမြဲတမ်း
ပျော်နေတတ်ပြီး အဆင်းရနံ့ ထုံလွန်းလှတဲ့ အကြောင်းတွေ ။ အို...အစုံပါဘဲ့ မမရယ်။”
“အင်းကွဲ့.... သူများတွေ ကတော့ဒီလိုထင်ကြပါတယ်။
ညီမလေးက အားကျလို့လား။”
“ဟုတ်..မမ။ ကျွန်မဒီကိုဝင်လာကတည်းက
ကျွန်မတစ်ကိုယ်လုံး မွှေးကြိုင်လာတယ်လို့တောင်ထင်ရတယ်။ အနံ့ မဲ့ပန်းတစ်ပွင့်က ရနံ့ကိုခုံမင်တာလေ
။ကျွန်မတွေးမိတာက တကယ်လို့ မမတို့နဲ့ခင်မင်ပြီး အတူနေထိုင်ရင် ကျွန်မလည်း
မမတို့လိုမျိုး ခရေပန်းဖြစ်လာနိုင်မလားပေါ့နော်။ အခုလည်း ကျွန်မကအဆင်းလှတော့
နောက်ဆို အချင်းပါလှလာနိုင်တာပဲလေ”
ကိုယ့်ကိုယ်ကို ကြွားဝါလိုက်ရတော့
ပြုံးနေတဲ့ ကျွန်မအပြုံးတို့ချိုမြိန်လှတယ်လို့ စိတ်က ထင်မိတယ်။ ခမ်းနားတဲ့နန်းတော်ထဲက နေရောင်မပြောက်တစ်ပြောက်ရဲ့
အလင်းစက်တို့ထိတွေ့နေတဲ့ အလုံပိတ် ဖန်ကွန်ချာတစ်ခု ။ ဒီဖန်ကွန်ချာ ထဲက ရွှေအနားကွပ် အိုးလေးထဲမှာ
မြေဆီလွှာတွေကြား ပျိုးသန်ထားတဲ့ တော်ဝင်ပန်းတစ်ပွင့် အဖြစ် ကိုယ်ဘာသာကိုယ် မြင်ယောင်ပြီး
စိတ်ကူးနေလိုက်တယ်။
“ဖုတ်” ခနဲ
အသံကြောင့်ကျွန်မစိတ်ကူးယဉ်နေတာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ် ။
တုန်တုန်လှုပ်လှုပ်နဲ့ အရှေ့ကိုမဝံ့မရဲ လှမ်းကြည့်မိတော့ ခုနတုန်းက ပင်မြင့်ထက်မှာ
ကျွန်မနဲ့ စကားပြောဆိုလျက် ရှိနေသေးတဲ့ မမခရေ၊ အခု “ဖြုတ်” ခနဲ ကြွေဆင်းသွားတော့
သူ့ကို ကျွန်မမခင်ချင်တော့ဘူး။ အနောက်ကို ကျွန်မ ခြေတွေ မြေကြီးကို ယက်ကန်ပြီး မသိမသာ
ဆုတ်သွားလိုက်တယ်။
“ဒါပါပဲ...ညီမရယ်။ တို့တွေဘဝက ပင်မြင့်မှာစံရတုန်းက ပျော်ရွင်ရယ်မောပြီး
အပျော်ကြီး ပျော်နေတာပေါ့။ အချိန်တန်ရင် ဟိုမှာကြည့်လိုက်စမ်း။ နွမ်းခြောက်ပြီး ကျကြွေနေတဲ့ခရေတွေ လှပတဲ့ အသွင်တွေ ကင်းမဲ့လို့ပေါ့။ အရာအားလုံးဟာ ခဏပါပဲ ။ ညီမလေး
မမတို့ကို အားမကျပါနဲ့။ ကိုယ့်ဘဝနဲ့ ကိုယ်နေပါကွယ်..။”
နောက်ဆုံးစကားပြောပြီး ငြိမ်သက်သွားတဲ့ ခရေပွင့်ကြွေလို ဘဝမျိုးလို ကျွန်မလုံးဝမရောက်ချင်တော့ဘူး
။ ဒီလို အဖြစ်မျိုးကို လက်မခံ ချင်သေးဘူး။ ဒီတော့ ကျွန်မ ဒီနေရာမှ အမြန်ဆုံး ထွက်လာလိုက်တယ်။
ကျွန်မ အထင်ကြီးခဲ့တဲ့ ခရေတောင် သင်္ခါရကို မလွန်ဆန်နိုင်ခဲ့ဘူးလေ။ ဘာဖြစ်ဖြစ် ကျွန်မကို
အသိခေါက်ခက် အဝင်နက်တယ်လို့ပဲ ပြောပြော၊ လှပမှု့မှာ တာရှည်ခံ
ထိန်းသိမ်းနိုင်တယ်လို့ သတင်းကြီးတဲ့ နှင်းဆီတို့အုပ်စုနဲ့ သွားပြီး ခင်တော့မယ်။
(၂)
“ မမနှင်းဆီ.....။ ညီမလေး
မမတို့ကိုအားကျလိုက်တာ။ မမတို့က တာရှည်ခံတဲ့ အလှ နှင့် ရနံ့မှာ စံတင်လောက်တယ်လို့
မှတ်ကျောက်တင်ခံရတာလေ။ ညီမလေး လဲ မမတို့လိုဖြစ်ချင်လိုက်တာ။”
“ဟဲ့.....။ အသိဥာဏ် နည်းပါးတဲ့ ကောင်မလေး။
ညည်းနှယ်အေ...တို့က ညည်းတို့နဲ့ တူတာမဟုတ်ဘူး။ တို့မှာက အဆူးတွေခြံရံထားတော့
ဘယ်သူမှအနားမကပ်ရဲဘူးအေ့။ တို့မှာသာ အဆူးတွေကင်းမဲ့ကြည့်ပါလား။ မျိုးတုန်းမယ့် ဖြစ်အင်မျိုးအေ့။
ညည်းလမ်း ညည်းဘာသာ လျှောက်စမ်းပါအေ။ ပန်းတစ်ပွင့်တိုင်းမှာ ကိုယ်စီ အဆင်းတွေ အချင်းတွေရှိပြီးသား။ သူတကာနဲ့ လိုက်မတုစမ်းချင်ပါနဲ့။
ဒီလိုမျိုး ညည်း ပို, ပိုပြီးတော့ လှချင် ပချင်နေရင်
တစ်နေ့ညည်းဒုက္ခကောင်းကောင်းရောက်မယ်။ သွား....သွား..။အာရုံနောက်တယ်။”
အမယ်လေး....အာရုံနောက်တယ်ဆိုပဲ။
ကိုလေပြည်ပြောတာ မှန်သား။ ဒီဟာမတွေက သူတို့လှပ ရနံ့ကြိုင်သလောက် မာနက
ခပ်ကြီးကြီးရယ်ဆိုတာ။ ငါကိုက အချဉ်(အဖြစ် မရှိသူ) တွေနဲ့ သွားခင်ချင်တာကိုး။
သွားမယ်။ ငါတောင် နင်တို့ထက် လှဦးမယ် နှင်းဆီစုတ်တို့ရေ။
စိတ်ပေါက်ပေါက်နဲ့ ကျွန်မ လျှောက်ခဲ့တာ
ဘယ်ရောက်မှန်းတောင် မသိတော့ပါဘူး။ ပတ်ဝန်းကျင်က ပူပြင်းခြောက်သွေ့နေသလိုပဲ ။
ပတ်ဝန်းကျင်ကို ကျွန်မ မျက်စိကစားကြည့်တော့ ကိုလေပြည် ပြောပြ တတ်တဲ့
ပိတောက်ပင်ကြီး။ ဟော… ပိတောက်ပန်းကြိုင်ရင် အလွန်မွှေး ၊
အလွန်လှဆို။ ခုတော့အရိုးတပြိုင်းပြိုင်း နဲ့။ သူ့ ဝတ်ရုံဝါကြီး ခါချလိုက်တိုင်း
လွင့်လွင့်လာတဲ့ ဝါကျင်ကျင် ကြွေရွက်တွေ။
အမလေး......အဖိုးကြီးနဲ့တော့
မခင်ချင်ပါဘူး။ ဟော...ညာဖက် က ဆောင်တော်ကူးပင်ထင်ပါ့။ ပုလဲဥရောင်
ပန်းတွေမတွေ့တော့ သူလည်းမလှပါဘူး။ စိမ်းဖန့်ဖန့်နဲ့ ခင်ချင်စရာ တစ်စက်မှကိုမရှိတာ။
မြင်မြင်သမျှ အနိဌာရုံကြီးတွေချည်းပဲ။ ကျွန်မတောင် စိမ်းစိမ်းလန်းလန်း နဲ့ ဒီပတ်ဝန်းကျင်မှာ
ငွားငွားစွင့် ဖူးပွင့်နေဦးမယ်။
အဲဒီလိုတွေးလိုက်မိတော့ ကျွန်မ
အရမ်းရယ်ချင်လာတာကြောင့် ကျွန်မ တစ်ခစ်ခစ်နဲ့ မြည်အောင်ကို အသံထွက်ရယ်မောလိုက်မိတယ်။
“ဟယ် ....မိသေး။
ဒီမှာကြည့်စမ်း။ မြေစိုက်ပန်းတစ်ပွင့်။ လှလိုက်တယ်ဟယ်။”
အမယ်လေး....ကျွန်မနားကိုတောင်
ကျွန်မမယုံ။ မနုဿလူသားတစ်ယောက်က ကျွန်မကို လှတယ်တဲ့။ ပျော်လိုက်တာရှင်။ သူ
ဒီထက်ပိုမြင်အောင် ကျွန်မအလှတွေ ထပ်မြင်အောင် ကိုယ်ကိုခပ်မြင့်မြင့်
ပင့်တင်ကြွားဝင့်မှ။
“ငါခူးသွားမယ်။ မိသေး။ အသုပ်စုံ
နင်မှာထားတယ်နော်။ ငါစပါယ်ရှယ် သုပ်ပေးမယ်။ ပိုက်ဆံတော့ မပေးဘဲ မနေနှင့်ဦး။
တစ်ပွဲကို ဆယ့်ငါးကျပ်နော်”
“အေးပါဟဲ့...အားပေးမယ်။ ငါ့ဆိုင်ကိုလဲ
အားပေးဦး။”
(၃)
ကျွန်မကိုနှုတ်ယူပြီး
သူ့ဈေးခြင်းတောင်းလေးထဲမှာ အသေအချာလေး သိမ်းဆည်းလိုက်တာ ကျွန်မသိတာပေါ့။
ကျွန်မကို တန်ဖိုးထားတဲ့ သဘောထင်ပ။ သူနှုတ်ယူတုန်းက ကျွန်မခြေထောက်လေးတွေ
သူ့နောက်ကို ဘယ်ကတည်းက လိုက်ချင်နေမှန်းမသိပါဘူး။ သိပ်ပြီး အားမစိုက်လိုက်ရဘူး။ “ထောက်” ခနဲ ပြတ်သွားတဲ့ ကျွန်မခြေထောက်က နာကျင်သွားလည်း ဘာအရေးလဲ။ ကျွန်မက
လှလို့ သူပန်မလို့လား၊ ဒါမှမဟုတ်ပဲ အမြတ်တနိုးနဲ့ သိမ်းထားမလို့လား။
အို..........ဘာဖြစ်ဖြစ်၊ ကျွန်မ ကြွားလိုက်ချင်သေးတယ်။ ဝေတုန်းက ဝေခဲ့ပြီး
မလှမပ ကြွေရတဲ့ မမခရေရော၊ ဆူးခြံထားတယ်ဆိုပြီး လှမ်းမမီနိုင်အောင်
မာန်တက်နေတဲ့ နှင်းဆီမေတို့ရောပေါ့။ သူတို့ကို ကျော်သွားပြီး ကျွန်မကိုမှ
ခူးဆွတ်သွားတဲ့ ဒီကောင်မလေးကို ကျွန်မချစ်လိုက်တာ။ ကျွန်မ ဘဝ အနေမြင့်ပြီထင်တယ်။
လမ်းဘေးက ပန်းမဟုတ်တော့။ ဘဝမေ့တယ်လို့ပဲ ပြောပြော ကျွန်မ လက်ရှိ အခုအချိန်လေးကို ဆွဲထားချင်လိုက်တာ။
ကျွန်မကို သူ့ခေါင်းထက်မှာ ပန်ဆင်ပြီး လမ်းလျှောက်ထွက်တဲ့အခါ ကျရင် တွေ့သမျှ ပန်းမန်တွေကို
မော်ကြွားပြီး ပြောလိုက်ဦးမယ်။ ကျွန်မလမ်းဘေးပန်းမဟုတ်ဘူး လို့ပေါ့။
သူ ကျွန်မကို ခြင်းတောင်းထဲက
အသာထုတ်ယူလိုက်တာ ကျွန်မသိနေတယ်။ ကျွန်မကို ရေဆေး သန့်စင်နေတယ်။ ကျွန်မခြေတံလေးတွေမှာ
ကပ်နေတဲ့ အညှိ တွေ ကို ခြစ်ထုတ်ပေးနေတယ်။ ကျွန်မ မျက်လုံးမှိတ်ပြီး
အသာငြိမ်နေလိုက်တယ်။ ပျဉ်ပြားပေါ်မှာ ပက်လက်ကလေးလှန်ပြီး ဓါးနဲ့ ခြေထောက်က အညှိတွေ ခြစ်ထုတ်နေတာ
ဘယ်လိုခံစားမှုမျိုးလည်း ဆိုတာ မပြောတတ်အောင်ပါဘဲ။
“ဆစ်”ခနဲ ဖြစ်သွားတဲ့ ကျွန်မ ခြေထောက်တွေ
ထပ်ပြီးတော့ “ဆစ်” ခနဲ “ဆစ်” ခနဲဖြစ်,ဖြစ်လာတယ်။ ယောင်ရမ်းပြီး
မျက်လုံးဖွင့် ကြည့်တော့ အမယ်လေး....ကျွန်မကို ပယင်းရောင် ဓါးတုံးတုံးနဲ့ လှီးဖြတ်နေပါလား။ ကြောက်လာပြီ။ ကျွန်မ
အသံတွေပြာအောင်အော်နေလည်း ဘယ်သူမှမကြားဘူး။ နာလိုက်တာ။ ကျွန်မကို တတိတိနဲ့
လှီးထုတ်နေတာ ဒီအတိုင်းကြည့်နေကျတော့မှာလား။ မဖြစ်ချင်တော့ပါဘူး။ လမ်းဘေးပန်းက လမ်းဘေးပန်းပါပဲ။
ဖားခုန်လို့ခရုမတုတော့ပါဘူး။ မုန်းတယ်။ ဒီကောင်မလေးကို အရမ်းမုန်းတယ်။ အလှမက်တဲ့
ကျွန်မကိုယ် ကျွန်မလည်း မုန်းတယ်။ ကျွန်မ မမခရေ ပြောကတည်းက လူမသိသူမသိ
ရှင်သန်နေတဲ့ အနွယ်တွေနားမှာ သွားပြန်နေခဲ့ရင် ဒီလိုမျိုးဖြစ်လာစရာ အကြောင်းမရှိဘူး။
ဘယ်ကမှန်းမသိတဲ့ အမေကို တပါရဲ့။ တော်ပါတော့။ ဖြတ်ထုတ်နေတာ ကျွန်မလည်မျို
နားတောင်ရောက်လုပြီ။ ကျွန်မ သိလိုက်ပါပြီ။ မိုက်ဇာတ်ဆိုတာ ဘယ်လိုဇာတ်သိမ်းတတ်မှန်း
ကျွန်မသေခါနီး ကောင်းကောင်းသိသွားပါပြီ။
“ဟဲ့.....။ အသုပ်စုံမှာထားတာ ရပြီ။”
“တစ်ပွဲပေး။ ရော့...ပိုက်ဆံ”
“ အေး နင့်ဖျော်ရည်
ငါ့ကိုတစ်ခွက်ရောင်းဦး။ အားပေးတာနော်”
“ခစ်...ခစ်”
ကျွန်မဘဝက ဘဝတူ အရွက်စုံ အပွင့်စုံကြားမှာ မိုက်ဇာတ်တွေအတွက် ပါးပါးအလှီးခံရတယ်။
ပြီးတော့ ဒီကောင်မလေးတွေ ရဲ့ ကစားစရာအဖြစ် ပါရမီဖြည့်ကျင့်ခံရတယ်။ ကျွန်မသာ ခရေ၊
နှင်းဆီတို့သတိ အတန်တန်ပေးခဲ့တုန်းက နားထောင်ခဲ့ရင်၊ နေရာဟောင်းလေးမှာသာ နေမြဲအတိုင်းဆက်နေခဲ့ရင်
ဒီလို အရွယ်မတိုင်ခင် သဘာဝမဟုတ်တဲ့ ကြွေလွင့်ခြင်းမျိုးနဲ့
အဆုံးမသတ်ခဲ့မှာမဟုတ်ဘူး။
အလှမက်မိတဲ့ ကျွန်မ
၊အလှအပကိုခုံမင်မိတဲ့ ဒေါင်းယောင်ဆောင်တဲ့ ကျီးလို အမိုက်မ ။ ကျွန်မ ယူကြုံးမရ နောင်တတို့အတွက်
ကျတဲ့မျက်ရည်တစ်စက် ကောင်မလေးရဲ့ ကစားစရာအသုပ်စုံ ထဲမှာပျော်ဝင်သွားပြီ ထင်ပါရဲ့။
လောက ကို တစ်ချက်ကလေး မှ
အကျိုးမပြုခဲ့တဲ့ ကျွန်မကို ကံတရားက တစ်ခါလောက် အခွင့် ပေးဦးမယ်ဆိုရင်လေ….. ကျွန်မ လာခဲ့တဲ့ လမ်းဘေးလေးမှာပဲ
ကိုယ့်မျိုးကိုယ့်အနွယ် တွေနဲ့အတူတူ ရှင်သန်နေထိုင်ပြီး ပျား၊
ပိတုန်းတို့ရဲ့ အကူအညီနဲ့
ကျွန်မရဲ့ ကိုယ်ပွားလေးတွေ ပွားခဲ့ချင်သေးတယ်။ ဒီလိုဆိုရင်တော့ အဆုံးမရှိတဲ့
မြကမ္ဗလာ မြက်ခင်းပြင်ကျယ်ကြီးထက်မှာ
ကျွန်မ ရဲ့ မျိုးဆက် မြေစိုက်ပန်းလေးတွေ ရှင်သန်ပွင့်ကျန်ရစ် ဖို့ကောင်းပါရဲ့။
ချစ်ခင်လေးစားလျှက်
ပျူမခ(ကော့သောင်း)
No comments:
Post a Comment