Sunday, March 10, 2013

♪♪♪ဒီနေ့အတွက် ပုစ္ဆာ♪♪♪



♪♪♪ဒီနေ့အတွက် ပုစ္ဆာ♪♪♪


ဒီနေ့.....
မြူးဇစ်ဆိုတဲ့ ကောင်မလေးနောက်လိုက်ခဲ့တယ်
အပြာရောင်လွင်ပြင်အောက်က
သိုးငယ်တွေ
စိန်ပန်းပင် အောက်က
ခရောင်းပန်းတွေ
သစ်ခွတ်ပင် အောက်က 
နှင်းစက်တွေ 
အို....သူတို့ သီချင်းဆိုနေကြတယ်
မြူးဇစ်က မှာလိုက်တယ်....
ဂီတဆိုတာ ဘာသာစကား မလိုဘဲ
လူတိုင်းကို ရသစုံပေးစွမ်းနိုင်တယ်တဲ့....


ဒီနေ့
ပိုအစ်ဆီ အလည်သွားခဲ့တယ်
နိုဘယ်လဲ သူဆီရောက်နေတယ်
ဘဝသင်္ခါရ ထမင်းဝိုင်းမှာ 
ငါတို့လက်ဆုံကျခဲ့လေရဲ့
စတိုရီ ပြောပြတဲ့ 
လူဘဝအကြောင်း
ငါ့အတွက် မက်မောစရာပါဘဲ့....

ဒီနေ့....
အိမ်အပြန်မှာ
ကိုယ့်ခြေလှမ်းတွေ ယောင်ရမ်းကြည့်
အို.... ဟိုရှေ့က လူတွေ
အမှတ်မထင်ချနင်းလိုက်တဲ့ 
ပင်ငယ်လေး
ပိပိပြားနေပါလား......

ဒီနေ့ 
မြူးဇစ် လက်ဆောင် တေးသီချင်းတစ်ပုဒ်
ငါ့အာရုံထဲ ဆွဲထည့်ပေးလိုက်တယ်....
စတိုရီပြောတဲ့ ဘဝရသ
ငါလျှာပေါ်မှာစွဲ နေတုန်းဘဲ့....
ဒါပေမယ့်....
ချနင်းခံလိုက်ရတဲ့
ပင်ငယ်လေး ငါ့ကို နောက်ဆုံးစကားပြောသွားလေရဲ့
လူဆိုတာ ကိုယ်ကောင်းဖို့ရာ
ဘာကိုမဆို ဖြတ်နင်းသွားဖို့
ဝန်မလေးဘူးတဲ့....


ငါ့တွက်တော့ ပင်ငယ်လေးရဲ့
                               ပုစ္ဆာ ခုထိ အဖြေမထွက်သေးဘူး...




အားလုံးကိုချစ်ခင်လေးစားလျှက်
ပျူမခ (၆-၃-၂၀၁၃)

No comments:

Post a Comment